novels @novels
အခန်း (၃)
- သူတောင်းစားအဖြစ် စတင်ခြင်း -
သူ နှုတ်ခေါင်းထဲတွင် ချဥ်စူးစူး အနံ့ကို အရင် ရလိုက်၏။ သူ့ကို တစ်စုံတစ်ယောက်က ကိုင်လှုပ်နှိုးနေသည်ကို ခံစားမိပြီး အက်ကွဲကွဲ အသံကို ကြားလိုက်ရသည်။
“လုဟန် လုဟန် မင်းသေဖို့ ကြိုးစားပြန်ပြီလား စောက် ကလေးလေး”
သူ မျက်လုံးများဖွင့်ကြည့်လိုက်ရာ နှုတ်ခမ်းမွှေး ကျို့တို့ကြဲတဲနှင့် မျက်နာတစ်ခုလုံး ညစ်ပေနေသော သူတောင်းစား အဖိုးကြီးကို မြင်လိုက်ရသဖြင့် လန့်သွားသည်။
“အား…. ခင်ဗျား ဘယ်သူလဲ..”
“နင့် အဖိုးရဲ့ အဖေလေ.. ငါနိုးလေးရဲ့…ငါ့ကိုတောင် မမှတ်မိဘူးလား..”
အဖိုးကြီးက စိတ်ဆိုးစွာဖြင့် သူ့ကို ပြန်တွန်းလှဲချလိုက်သည်။ သူလည်း ကုန်းရုန်းပြီး ထ ထိုင်လိုက်၏။ အဖိုးကြီးဟာ ခါးမှာ ကုန်းနေပြီး ဖိုသီဖတ်သီ အဝတ်များဖြင့် တစ်ကိုယ်လုံးမှာ မျက်နာထပ်ပင် များစွာ ညစ်ပတ်နေသေးသည်။ အဆိုးဆုံးမှာ ချဥ်စူးစူး အနံ့သက်ဖြစ်၏။ သူ အဖိုးကြီးနှင့် ခပ်လှမ်းလှမ်းကို ခွာလိုက်ပြီး ဘေးပတ်ဝန်ကျင်ကို ကြည့်လိုက်ချိန် သူရောက်နေသည်မှာ တောင်ကုန်း တစ်ခုပေါ် မှ သစ်ပင်ကြီး တစ်ပင်အောက်တွင် ဖြစ်သည်။ သစ်ပင် အမျိုးစားကို သူမသိပေ။ တော်တော်ကြီးသော သစ်ပင်ကြီး ဖြစ်ပြီး အညိုရောင် သစ်ရွက်တို့ဖြင့် ပြည့်နေသည်။ ခပ်လှမ်းလှမ်းတွင် ကျောက်တုံးများဖြင့် ဆောက်ထားပြီး ကောက်ရိုးကဲ့သို့ အရာများဖြင့် မိုးထားသော အိမ်စုလေးကို လှမ်းမြင်ရ၏။ သူ ဘယ်ခေတ်ကို ရောက်သွားသလဲ သူမသိချေ။ သူ့ အဝတ်စားများကို ကြည့်လိုက်ရာ ရှေးခေတ် တရုတ် သိုင်းဇာတ်ကားများထဲမှ အဝတ်မျိုးကိုမှ အစုတ်ဆုံး အဝတ်စားများဖြစ်နေ၏။ ပြီးနောက် သူ့ ကိုယ်မှလည်း အမှိုက်ပုံမှ ထွက်သော အနံ့မျိုး ထွက်နေသည်။ အဖိုးကြီးက သူ့ရဲ့ ညစ်ပတ် နံစော်နေသော အဝတ်များကို ဖုန် ခါလိုက်ပြီး
“ သူတောင်းစားလေး အိပ်မနေနဲ့ လာ.. ရွာထဲမှာ နေ့လည်စာ ဝေတော့မှာ နောက်ကျရင် သစ်ခေါက် ကိုက်နေရမယ်….”
ပြောပြီး ထွက်သွား၏။” ဘာတွေ ဖြစ်နေတာလဲ ငါ တကယ်ပဲ တခြား လောကက ခန္ဓာကိုယ်တစ်ခု စီ ရောက်နေတာလား…. ဒါအိပ်မက်လား…. ကိုယ်စောင့်နတ်… ကိုယ်စောင့်နတ်ကော…. အာ အခုမှ သတိရတယ် ငါဒီခန္ဓာကိုယ်ရရင် ဆက်သွယ်လို့မရတော့ဘူးလို့ ပြောခဲ့တာပဲ… ဒုက္ခပဲ ဒီ မူရင်း ခန္ဓာ ပိုင်ရှင် သေချင်တာလဲမပြောနဲ့ ဒီကောင်က သူတောင်းစားကိုဟ.. ခု ငါတောင် ကိုယ့် အနံ့နဲ့ ကိုယ် သေချင်နေပြီ… နေအုံး ငါ့ ရုပ်က ဘယ်လိုမျိုးလဲ ချောကော ချောပါ့မလား လခွီး.. ငါ မေးဖို့မေ့သွားတယ်.. အား….” သူ သစ်ပင်အောက်တွင် တစ်ယောက်ထဲ ထိုင်က ဆံပင်ထဲ လက်ထိုးပြီး တွေးနေ၏။
“ ကိုယ့်မျက်နာ ကိုယ်မမြင်ရပဲနဲ့ ဘာလို့ ရုပ်ရည်ကို ဂရုစိုက်နေမှာလဲ…” ကြည်လင်သော အသံမှာပေါ်လာသည်။ ယောက်ျားသံလား မိန်းမသံလား မကွဲသော အသံမျိုး ဖြစ်၏။ သူ အသည်းသန်ဖြင့် သစ်ပင်ကြီးကို ပတ်ရှာရင်း
“ဘယ်သူလဲ….” သူအော်မေးရင်း သရဲခြောက်တာများလားလို့ တွေးပြီး လန့်သွား၏။
“သရဲ မဟုတ်ပါဘူး…သင် ရွေးချယ်ခဲ့တဲ့ ကြိုးစားသူ ကောင်းချီအတွက် ကိုယ်စားပြုပေးမယ့် အရာပဲ ဖြစ်ပါတယ်… သင်တို့ ကမ္ဘာမှာဆိုရင် စနစ်လို့ ပြောလို့ရပါတယ်..”
အသံကြောင့် သူကြောင်ပြီး နားထောင်နေမိ၏။
“ ဘာကြီးလဲ စနစ်ဆိုတာ.. ငါမသိ” အူကြောင်ကြောင်ဖြင့် သူ ပြန်ပြောလိုက်မိသည်။
“ သင် လူငယ်ဘဝကို သင့် ကမ္ဘာမှာ ဘယ်လို ဖြတ်သန်းခဲ့ပါလိမ့်…”
“ဟ.. အလုပ်တွေ ကြိုးစားပြီး ဖြတ်သန်းခဲ့တာပေါ့ဟ “ သူ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
“အို..ကျွတ်….. အရင်ကလည်း ဆင်းရဲတယ်ထင်တယ်…”
အသံကြောင့် သူ ဒေါသထွက်သွားပြီး “ ဘာဖြစ်လဲကွာ…နေပါဦး မင်းသတ္တိရှိရင် ထွက်လာခဲ့ ဘယ်ကနေ ပုန်းပြီး ပြောနေတာလဲ...”
“ ကျွန်ုပ်ဟာ သင့်ရဲ့ စိတ်ဖြင့်သာ ဆက်နွယ်နေသော အရာဖြစ်ပြီး ရုပ်နှင့် နာမ်မရှိပါ… သင့် ကောင်းချီးမှ ဖန်တီးပေးထားသော အရာတစ်ခုသာ ဖြစ်တယ်… အကုန်ရှင်းပြရအုံးမလား”
“နေပါ ရပြီ…ဒါနဲ့ မင်းက ငါအတွက် ဘာလုပ်ပေးနိုင်လဲ”
“ ရှင်သန်ဖို့ ကြိုးစားသူ ကောင်းချီးကို ရွေးချယ်ထားတာကြောင့် ရှင်သန်ဖို့ လမ်းပြမှုကို လုပ်ပေးမှာပဲ ဖြစ်ပါတယ်…”
“ ဘယ်လို ပြမှာလဲဟ..” သူခေါင်းကုတ်ပြီး စိတ်ညစ်စွာဖြင့် ပြောလိုက်၏။
“ သင် ရှင်သန်ဖို့တွက် သိလိုသည်များကို မေးနိုင်ပြီး ရှင်သန်ဖို့ ရွေးချယ်ရနိုင်မည့် ဆုံးဖြတ်ချက်များကို လည်း ချပြပေးသွားမှာ ဖြစ်ပါတယ် သင်က ရွေးချယ်မှုများကို ကြိုးစားသူ ပီပီ ကြိုးစားပြီး လုပ်ဆောင်ရပါမယ်…”
“ဟင်.. မင်း ပြောတာကို ငါက ကြိုးစား လိုက်လုပ်ရမှာပေါ့ ဘာ ကောင်းချီးလဲ ကြောင်ချီးကြီး ဖြစ်နေပြီ” သူ ဒေါသထွက်သွား၏။
“ သင်ရွေးချယ်မိသော ကောင်းချီမှာ ဒီကမ္ဘာတွင် သင်တစ်ယောက်တည်းသာ ဦးဆုံးရရှိမှု ဖြစ်တဲ့ အတွက် တန်ဖိုးထားစေချင်ပါတယ်.. ကျွန်ုပ် အကူညီ မပါလျှင် သင့်ရဲ့ အသက်ရှင်နိုင် စွမ်းသည် ၂၄ နာရီ နေရဖို့ ၂၀ ရာခိုင်နှုန်းသာ ရှိပါတယ်”
“ဘာ….ဘာကြီး…. ငါ ယုံလိုက်မယ် မင်းကို ယုံမယ် ကဲ ခု ဘယ်လောက်ရှိသွားလဲ”
“ ယုံကြည်မှုကြောင့် သင်ဟာ အခု နောက် ၂၄နာရီ အသက်ရှင်ဖို့ ၄၀ ရာခိုင်နှုန်း ရှိသွားပါပြီ”
“ဟ ဘာလို့လဲ…. ၅၀ တောင်မပြည့်ဘူး ချီး….. ယုံပြီလေ…. ယုံလိုက်ပြီလေ….ဝှိုင်း…”
“ သင့်ရဲ့ လက်ရှိ ဖြစ်တည်မှုနှင့် ပိုင်ဆိုင်မှုများကို တွက်ချက်ခြင်း ဖြစ်သဖြင့် သင် သက်ရှင်မှု နှုန်း တိုးမြှင့်ရန် ဖြစ်တည်မှုနှင့် ဆက်နွယ်မှုများ တည်ဆောက်ရန် လိုပါတယ်”
“အား…ဘာတွေမှန်းမသိဘူး ၁၀၀ ရာခိုင်နှုန်းကို ဘယ်လို လုပ်မှ ဖြစ်နိုင်မလဲ”
“ ၁၀၀ရာခိုင်နှုန်း ပြည့်ရန် မဖြစ်နိုင်ပါ သင့် ကိုယ် ခန္ဓာမှာ သေမျိုး ဖြစ်နေပါတယ်”
“အဲ့တာဆို ရာခိုင်နှုန်း အမြင့်ဆုံးက ဘာတွေ ဖြစ်နိုင်မလဲ အကျဥ်းချုံးပြောပြ… ရှင်းလေ ရှုပ်လေ ဖြစ်နေလို့ အရိုးရှင်းဆုံးရှင်းပြပေး”
“အခုရောက်ရှိနေတဲ့ ကမ္ဘာမှာ သက်တမ်းပြည့်နေရဖို့ အောက်ခြေလူတန်းစားတွေတွက် ရှင်သန် နိုင်ခြေ ပျှမ်းမျှ ၃၀၊ အလယ်တန်းစား အနေနဲ့ ၅၀၊ အထက်တန်းစာ အနေနဲ့ ၆၀၊ တော်၀င်နွယ်အနေနဲ့ ၈၀ရှိပါတယ်”
“ အယ် တော်၀န်နွယ်ဟုတ်လား… ခုကမ္ဘာက ဘုရင်စနစ် အုပ်ချုပ်မှုလား”
“ ဟုတ်ပါတယ် တိုင်ပြည် ၄ခု တည်ရှိပြီး ဘုရင် ၃ပါးနဲ့ ဘုရင်မ တစ်ပါးတို့ အုပ်စိုးနေပါတယ် သင် အခုရှိနေတာကတော့ ဘုရင် ဝီတန် အုပ်ချုပ်တဲ့ တန် တိုင်းပြည်ထဲက နယ်ရွာစုလေးမှာ ဖြစ်ပါတယ်”
“ အာ…ဖြည်းဖြည်းချင်းမှပဲ ပြောတော့ အခု လောလောဆယ် ဘာလုပ်ရမလဲ..”
“ အခု လက်ရှိ အသက်ရှင်ရန်တွက် ရေနှင့် အစာ ဖြည့်စွက်မှု အလိုရှိနေပါတယ်… ရွေးချယ်စရာများမှာ
၁. ရွာထဲရှိ ဆန်ပြုတ် ဝေငှ ရာဆီ သွားပြီး အစာ ရယူပါ ရှင်သန်နိုင်စွမ်း မြှင့်တင်နိုင်မှု နည်းပါး၊ ခွန်အား
တိုးတက်မှုမရှိ၊ ယာယီ ဗိုက်ပြည့်နိုင်ကာ တစ်နေတာ လှုပ်ရှားမှု စွမ်းရည်တိုးတက်နိုင်။
၂. ရွာထဲတွင် အလုပ်ရှာခြင်း၊ တောင်းစားမှု တစ်နေကုန် ရနိုင်ငွေ ပျမ်းမျှ ၁၀ ပြား၊ တောစပ် ထင်းရှာပြီး ရောင်းချမှု တစ်စည်းလျှင် ၂ ပြား သင့်ရဲ့ တစ်နေတာ လုပ်နိုင်စွမ်း ခန့်မှန်းခြေ ၇စည်း (မထင်မှတ်ထားသော အန္တရာယ်များ ရှိလာနိုင် ယာယီ အသက်ရှင်နှုန်း လျော့ နိုင်မည်)....
“ စတော့ပ်… အရင် ဗိုက်ဖြည့်ချင်တယ် ဆန်ပြုတ်သွားသောက်မယ် ဒီ မလာခင်တည်းက ဘာမှ မစားခဲ့ရဘူး…..” သူ ပြောရင်း ထရပ်လိုက်၏။ ရုတ်တရက် နောက်ဆုံး မြင်ခဲ့ရသော ငါးကင်လေးကို သတိရသွားပြီး မျက်ရည်ဝဲတက်လာသည်။ သူ ရှုံ့မဲ့မဲ့ဖြင့် ထရပ်ကာ ရွာဘက် အိမ်စုလေးဆီ ထွက်လာလိုက်၏။
ငါ့…ငါးကင်လေး…….အနံ့လေးတောင် ဘယ်လိုရှိမလဲ… ငါ့သူဌေးကို ဝယ်ပေးတုန်းကလောက် မွှေးနေမလား……”
အခန်း၄ ဆက်ရန်//
novels @novels
အခန်း (၂)
- ကြိုးစားသူ အဖြစ် သတ်မှတ်ခြင်း -
“ငါ မသေချင်သေးဘူး ငါ မသေချင်သေးဘူး..”
အသံကုန် အော်ဟစ်ကာ သူရ နိုးလာခဲ့သည်။ သူ့ကိုယ်တွင် အဝတ်စားများမရှိတော့တာကို သတိထားမိလိုက်၏။ ဘေးဘယ်ဝီ ကြည့်လိုက်ချိန် အားလုံးမှာ မှောင်မဲနေသည်။ သူ လန့်ပြီး မတ်တပ်ထ ရပ်လိုက်ချိန် သူ့ခြေထောက်အောက်တွင် ကြမ်းခင်းမရှိ လေဟာနယ်ပေါ်တွင် သူ မတ်တပ်ရပ်လျက် ဖြစ်နေ၏။
“အား….” မျက်စိစုံမှိတ်ပြီး ထိတ်လန့်တကြားအော်လိုက်တော့သည်။
“ မလန့်ပါနဲ့…လောက လူသား….” ကြည်လင်ပြတ်သားသော အသံကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ နေလုံးနှင့်တူသော အလင်းရောင် ဘောလုံးတစ်လုံး လေပေါ်မှာ ပျံနေသည်ကို တွေ့လိုက်ရ၏။
အလင်းလုံးမှ
“ လောက လူသား…. သင်ဟာ အင်မတန် ရှင်သန်ချင်စိတ်ရှိသူ ဖြစ်တယ်…. သင့်လိုပဲ စိတ်အားထက်သန်သူ တစ်ယောက်က သူ၏ ပြင်းပြသော တောင်းဆုနှင့် သင့်ရဲ့ ဆန္ဒကို အလဲလှယ် ပြုလိုက်ပြီ သင် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်တယ်…”
သူရ အံ့သြစွာဖြင့် စကားပြောနေသော အလင်းလုံးကို ကြည့်ပြီး
“ ငါ့ ဆန္ဒနဲ့ လဲတာဆိုတော့ သူ့ဆုတောင်းက ဘာမို့လို့လဲ…..” စိတ်ထဲမှာ တွေးလိုက်ချိန် အလင်းလုံးမှ
“ သူ့ဆုတောင်းက အမြန်ဆုံး သေဆုံးလိုခြင်းဖြစ်တယ်..”
“အာ….ခင်ဗျားက ဘာလဲ ဘာလို့ ကျုပ်အတွေးကို ဖြေ နိုင်ရတာလဲ နတ်လား… ဘုရားလား…..”
“ သင်တို့လောကမှ ဘုရားမဟုတ်ပါ ဖန်ဆင်းရှင်လည်းမဟုတ်ပါ… တခြားလောကမှ သက်ရှိ ကိုယ်စောင့်နတ်ဖြစ်တယ်..”
“အယ်… ကိုယ်စောင့်နတ်…ဟုတ်လား..”
အလင်းလုံးမှ “ အခု သင်သွားရမယ့် လောကမှ သက်ရှိဟာ ရှင်သန်ချင်စိတ်ကုန်ဆုံးနေသူ ဖြစ်တယ်… သူ့ကိုယ်ရှိမှ ကိုယ်စောင့်နတ်တွေလည်း ရှင်သန်နိုင်တယ် သူ သေဆုံးချင်စိတ်ကြောင့် သေဆုံးရန် ကြိုးပမ်းမှုကို နေ့စဥ်ကာကွယ်ပေးနေရပြီး တစ်ရက်မှာ သူဟာ ဆုတောင်းတစ်ခုကို တောင်းခဲ့တယ် ဖြစ်နိုင်ချေ သန်းပေါင်းများစွာမှာမှ သင်ရဲ့ အသက်ရှင်ရန် တောင်းတချိန်နဲ့ သူ့ရဲ့ နက်ရှိုင်းသော ဆုတောင်းတို့ဟာ ကိုက်ညီမှုရှိသွားတာကြောင့် သင့်ကို ဆင့်ခေါ်လိုက်နိုင်ခြင်း ဖြစ်တယ်..”
သူရ ခေါင်းကုတ်ကာ “ရှုပ်ကုန်ပြီ.. သူ့ကို ဘာလို့ ကိုယ်တိုင်မပြောလဲ သူရှင်မှ ခင်ဗျား ရှင်မယ်လို့ “
“ကိုယ်စောင့်နတ်တွေဟာ သက်ရှိတို့နဲ့ မဆက်သွယ်နိုင်ပါ”
သူရ ခေါင်းကုတ်ကာ “ ကျုပ်က သက်ရှိ မဟုတ်ဘူးလား… အဲ မဟုတ်တော့ဘူးနော် ဟဲဟဲ..”
“သင် ခန္ဓာကိုယ်ကို မကူးပြောင်းခင် လိုချင်တဲ့ ကောင်းချီးပေးမှုကို ပြောပါ”
“ ဘာကြီးလဲ ကောင်းချီးပေးမှုဆိုတာ…”
“ ကောင်းချီးပေးမှုဆိုတာ အခုသွားမယ့် လောကမှာ မွေးရာပါ ကောင်းချီးများကို ကိုယ့်စောင့်နတ်များဆီမှ ရရှိကြတယ်.. ဥပမာ သင်အခု သွားမယ့် ခန္ဓာကိုယ်ပိုင်ရှင်အဟောင်းမှာ ပြန်လည် ကုသခြင်း ကောင်းချီးကို ရရှိထားတယ် ရောဂါ အဆိပ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပြန်လည် ကောင်းမွန်စေခြင်းမျိုး ဖြစ်တယ်..”
သူရ အံ့သြသွားပြီး “ဟ ဒီလောက် ကောင်းတာတွေ ရပြီး ဘာလို့သေချင်ရတာတုန်းဟ..”
အလင်းလုံးမှ ခေတ္တ ငြိမ်သက်သွားသည်။
“ တခြား ကောင်းချီးတွေမှာ ခွန်အားအလွန်ကြီးခြင်း၊ လျင်မြန်ခြင်း၊ အာရုံကောင်းခြင်းတို့တွေ ရှိကြတယ်.. သင်ဘာလိုချင်သလဲ..”
သူရ ထိုင်စဥ်းစားလိုက်၏။ အလင်းလုံးပြောပုံအရဆိုလျှင် သူသည် စူပါလူသားများရှိသော ကမ္ဘာကို ရောက်တော့မည်ဖြစ်သည်။
“ အရင်လူရဲ့ ဟာပဲ ပြန်ရမလား ကျုပ်က အသက်ရှင်ချင်တာဗျ”
အလင်းလုံးမှာ ပိုလင်းသွားပြီး ပုံမှန်ပြန်ဖြစ်ကာ
“ မူရင်း ပိုင်ရှင်က ကောင်းချီးခံရမှုမှာ အခွင့်ထူးရသူ ဖြစ်နေပြီး သင်ကတော့ ရနိုင်မည်မဟုတ်ပါ..”
သူရ စိတ်ပျက်သွားရသည်။
“အင်း….ခု ကမ္ဘာက ငါတို့ ကမ္ဘာနဲ့ကောတူပါ့မလား… ဘာတွေ ရှိနေနိုင်လဲ… နိုင်ငံရေး လူမှုရေး စီးပွားရေး အကုန် အသစ်ဖြစ်နေမှာ အဲ့တော့ ငါအသက်ရှင်ဖို့ အလိုအပ်ဆုံးက ဘာလဲ … အာ…မသိတော့ဘူး……..”
သူ စိတ်ထဲမှာ တွေးနေ မိ၏။ သူ ခါးထောက်ခါ စဥ်းစားနေပြီး အတော်ကြာမှာ အလင်းလုံးကို လက်ညှိုးထုိးလိုက်ပြီး
“ ခင်ဗျားက ကိုယ်စောင့်နတ်မလား ကျုပ် အသက်ရှင်ဖို့ ခင်ဗျား အကူညီပဲ ယူမယ်….”
အလင်းလုံးမှာ ဘာမှ ပြန်မပြောပဲ ငြိမ်သက်နေသည်။ သူရ သူပြောတာ အဓိပ္ပါယ်မရှိဟု ထင်ကာ ထိုင်ပြီး ပြန်စဥ်းစားပြန်၏။ အလင်းလုံးမှ…
“ သင့်က အသက်ရှင်ရန် ကြိုးစားသူ ဖြစ်တာကြောင့် ကြိုးစားသူ ကောင်းချီးပေးလိုက်ပါပြီ……”
သူရ ကြောင်သွားပြီ..” အယ်… ဘာအစွမ်းလည်း..ရှင်းပြအုံး…အာ….”
အလင်းလုံးမှာ ပေါက်ကွဲထွက်ကာ လင်းထိန်သွားတော့၏။
novels @novels
အခန်း ၁
- အစ -
ဆေးရုံပေါက်ဝတွင် သူရ ရပ်ပြီး လက်ထဲက ဆေးစစ်စာရွက်ကို ကြည့်နေလိုက်မိသည်။ ဆေးစစ်စာရွက်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားပြီး ဖတ်ရ ရိုးရှင်းသော်လည်း သူ တစ်လုံးမှ နားမလည်ပေ။ သူ ၁၃နှစ်သားထဲက ကျောင်းကထွက်ပြီး ရရာ အလုပ်များ ဝင်လုပ်ကာ ရှာထားသော ပိုက်ဆံများမှာ ၁၂ နှစ်ကြာတွင် ဆေးရုံသို့ မခံမရပ်အောင် ခေါင်းကိုက်သဖြင့် လာပြရမှ စုဆောင်းထားသမျှ တစ်ဝက်လောက်သာ ကျန်နိုင်တော့သည်။ ထို ထပ်လည်း နည်းလျှင် နည်းပေမည်။ ခြံစောင့် လုပ်နေသော အိမ်မှ သူဌေးကို ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့ကြောင်း အကြောင်းကြားရာ နှစ်လစာကြိုထုတ်ပေးပြီး သက်သာမှ အလုပ်ကို လာခိုင်းသဖြင့် ကျေးဇူးတင်မိသေး၏။ သို့သော် ယခုတော့ ထို ၂လစာပြန်ဝင်ပေးရန်ပင် အချိန်ရပါ့အုံးမလား။ ဆရာဝန်က ညီလေးအနေနဲ့ ကင်ဆာ နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဟူသော စကားကြောင့် မယုံနိုင် အံ့သြမိသေးသည်။ မျက်ရည်လည်းမကျလာပါ ကြောက်စိတ်လည်းမဝင်ပါ။ သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်တောင် မသိတော့။ သူ ကောင်းကင်ကို မော့ပြီး ခပ်တိုးတိုးပြောလိုက်၏။
“ ငါ အသက်ရှင်ချင်သေးတယ် ဘယ်လိုပဲဖြစ်ဖြစ် ငါအသက်ဆက်ရှင်ချင်သေးတယ်…”
သူ လေးလံစွာဖြင့် ဆေးရုံ အပြင်ဘက်ကို လျှောက်လာပြီး အိတ်ကပ်ထဲကို နှိုက်ကြည့်လိုက်ရာ တစ်သောင်းတန် သုံးရွက်ထွက်လာ၏။ သူအရင်က ခြွေခြံလွန်းသူဖြစ်သည်။ ဒီနေ့တော့ အိတ်ကပ်ထဲပါသမျှကို အကုန်သုံးပစ်မည်။ တသက်လုံးစီးလာတဲ့ တိုးကြိတ်နေတဲ့ လိုင်းကားနဲ့ မပြန်၊ တက်စီ ငှားပြန်မည်။ မှန်ကွဲနေသော ဖုန်းလေးကို ထုတ်ကြည့်လိုက်ပြီး သူအကြံရသွားသည်။ ဖုန်းမှ ဒေတာများကို အကုန် ဖျက်ပစ်ပြီး လမ်းဘေး ဖုန်းပြင် ဆိုင်လေးတစ်ဆိုင်ထဲကို သူဝင်သွားလိုက်သည်။ ကောင်တာပေါ် ဖုန်းမှန်ကွဲလေးကို တင်လိုက်ပြီး
“ ဒီဖုန်းလေး ပြန်ရောင်းရင် ဘယ်လောက်လောက်ရနိုင်မလဲ”
ဆိုင်ကောင်တာမှ ဝဝနှင့်လူက-
“ညီလေး စိတ်တော့မဆိုးနဲ့ အလကားပေးတောင် ယူချင်စရာမရှိဘူးနော်..တရုတ်ဖုန်း ဘာ ဘရန်းမှန်းတောင်မသိ မှန်ကလဲ ကွဲနေတာ ပြန်ရောင်းထုတ်လို့မရလောက်ဘူး”
သူရ ဘာပြောရမှန်းမသိဖြစ်သွား၏။ အမှန်ပင် သူ့ဖုန်းမှာ ဖုန်းအဟောင်းဆိုင်တစ်ဆိုင်မှာ ဖုန်းခေါ်လို့ ရရင်ပြီးရော စျေးအသက်သာဆုံးထဲက ပေးပါဆိုပြီး လွန်ခဲ့တဲ့ နှစ်က ဝယ်ထားတဲ့ ဖုန်းလေးဖြစ်သည်ကို ပြန်တွေးမိသည်။ သူ ငိုင်ပြီးတွေးနေတာကို မြင်တော့ ဆိုင်မှ လူက
“ ညီလေး မင်း ငွေ လိုတယ်ဆိုလည်း ၂သောင်းတော့ ပေးမယ်ကွာ ဖုန်းထားခဲ့လိုက် တခြားဆိုင်တွေမှာ ဒီဖုန်းပြရင် မောင်းထုတ်ခံရမှာ အစ်ကိုက တမင်ယူပေးတာ”
သူရ ဝမ်းသာသွားပြီး
“ကျေးဇူးပါအစ်ကို ၁သောင်းပဲပေးလည်းရပါတယ်”
ဆိုင်မှ လူက ဖုန်းကို ယူပြီး ဖွင့်ကြည့်လိုက်၏။ ပါဝါလာသေးသဖြင့် အံ့သြသွားဟန် မျက်ခုံးများ ပင့်သွားသည်။ ပိုက်ဆံ ၁သောင်း ထုတ်ပေးသည်ကို ယူကာ သူ ထွက်လာခဲ့တော့၏။
ငါ့ ဘဝက အခုမှ စမှာ……. ဇာတ်လမ်းတော့ တိုမယ်…..
သူစိတ်ထဲတွင် ကြုံးဝါးရင်း အပြင်လမ်းမပေါ် အားတင်းကာ ထွက်လာလိုက်၏။
စားသောက်ဆိုင်တွင် သူ မီနူးကို ကြည့်နေ၏။ ဝိတ်တာလေးမှလည်း ခေါင်းကုတ်ကာ သူ့ကို ကြည့်နေသည်။ သူ အကြာကြီးကြည့်ပြီးတဲ့ ချိန်မှ
“ငါးကင်က ဘယ်လောက်လဲ”
“၁သောင်းကိုကြီး”
“ အဲ့တာတစ်ပွဲ”
“ပြီးရင် ပင်လယ်စာ ဟင်းချိုကကော” “၁သောင်းခွဲ..”
“အဲ့တာလည်းပေး..” “ပြီးရင် ဝီစကီလေး တစ်ပြားချ…. မြေပဲလေးပါ အဲ မြေပဲမဟုတ်ပဲ သီဟိုစေ့ချပေး…”
“ဟုတ် ဒါပဲမလား ကိုကြီး..”
“အင်း..”
ဆိုင်တွင် သူတစ်ယောက်တည်း ရှိနေ၏။ အချိန်မှာ နေ့လည် ၂နာရီပဲရှိသေးသောကြောင့် ဘီယာဆိုင်တွင် လူသိပ်မရှိသေးချေ။ ဝီစကီ တစ်ပြားနှင့်ဖန်ခွက်အရင်လာချပေးရင်း
“ကိုကြီး ရေခဲယူအုံးမလား…သောက်ရေဖြစ်ဖြစ် ကိုလာ ဆိုဒါတစ်ခုခုပေါ့..”
သူ ပြုံးလိုက်ပြီး “ မယူတော့ဘူး အမြည်းတွေလည်း များတာပဲ ဒီတိုင်းချမယ်..”
စားပွဲထိုးလေးက ရယ်ကျဲကျဲဖြင့် “ ရေမရောရင် အသေစောမယ်နော် ကိုကြီး…ဟီးဟီး..”
“ခုချက်ချင်းတော့ မသေတတ်ဘူးမလား အဲ့လောက်တော့ မစောလောက်ဘူးထင်တာပဲ..”
သူပြန်စလိုက်၏။
“ ပြောမှမရတာကိုကြီး အရက်သီးသွားရင်….”
“ဟိုကောင် ဆိုင်လာထိုင်တဲ့သူကို နှောက်ယှက်မနေနဲ့ သွား အလုပ်သေချာလုပ်”
ကောင်တာမှ ဦးလေးကြီးက လှမ်းဆူလိုက်သဖြင့် စားပွဲထိုးလေးက ရယ်ပြီး ထွက်သွား၏။ သူ လည်း အရက်ကို ခွက်ထဲထည့်ပြီး ကြည့်နေလိုက်သည်။ တစ်ခါမှ ကိုယ်တိုင်မစားဘူးပဲ သူဌေးတွက် ထွက်ပြီး ဝယ်ပေးနေကြ ငါးကင်နှင့် ပင်လယ်စာဟင်းချိုကို သူ အခုစားရတော့မည်။ ထိုအသိဖြင့်ပဲ သူ့ဗိုက်များက ဆာလောင်နေ၏။ တယ်ကံကောင်းတဲ့ ငါပါလားလို့ ယောင်ပြီးတွေးမိခါနီးမှ ဆေးစစ်ချက်ကို သတိရသွားပြန်သည်။ သူခေါင်းကို ခါလိုက်ပြီး ဝီစကီကို မော့ချလိုက်၏။
အဟွတ်…ဟွတ်…… ဝီစကီရဲ့ အပူဟာ လည်ချောင်းအတွင်းမှာ စူးများဖြင့် ဝိုင်းထိုးသလိုဖြစ်လာသည်။ နှာခေါင်းထဲမှ ပြန်ထွက်ကျလာ၏။ သူ မျက်လုံးများ ပြာလာပြီး ဘေးကို ဂယောင်ဂတမ်းကြည့်လိုက်ချိန် ငါးကင် သယ်လာသော စားပွဲထိုးလေးက ကြောင်ပြီး ရပ်ကာ မျက်လုံးအဝိုင်းလေး ဖြင့် ကြည့်နေသည်။ နားထဲမှာ အသံတွေဟာ မပီသတော့ သူ ခုံအောက်ကို ထိုးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ မျက်နာဟာ စားပွဲ ခုံ မျက်နာပြင်ပေါ် ရိုက်မိသော်လည်း ဖော့တုံးကြီး တစ်ခုအပေါ် ကျသလိုသာ သူ ခံစားရ၏။ အားလုံးဟာ ရုတ်တရက် အနှေးပြကွက်မျိုးဖြစ်နေပြီး သူ့ လည်ချောင်းက ဝေဒနာကို မခံစားမိတော့ချေ။
ဝိတ်တာကောင်လေး လက်ထဲမှ ငါးကင်ကိုသာ ကြည့်ရင်း
“ ငါမသေချင်သေးဘူး ငါးကင်…ငါးကင် အရသာလေး သိချင်သေးတယ်…ကျေးဇူးပြုပြီး…. ကျေးဇူးပြုပြီး…..”
သူ့စိတ်ထဲတွင် အော်ဟစ် ပစ်လိုက်၏။ သူ့မြင်ကွင်းဟာ တဖြည်းဖြည်းနှင့် အမှောင်ကျလာခဲ့သည်။ အသံများ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အခန်း၂ ဆက်ရန်….